ဖေဖေ
လွမ်းလိုက်ရတာဖေဖေရယ်
သမီးတွေအလိုကျ
မျက်နှာမငယ်ရအောင်
ပြည့်စုံမှုတွေဖန်ဆင်း
အားအင်တွေပေးတဲ့ဖေဖေ
အပြင်ကအပြန်
သမီးတို့အပြုံးနဲ့
အမောဖြေတတ်တဲ့ဖေဖေ
ဖေဖေလျှောက်ခဲ့တဲ့ဘ၀လမ်း
ဘယ်လိုကြမ်းတမ်းပါစေ
သမီးတို့ဘ၀လမ်း
ချောမွေ့စေရမယ်တဲ့
ဖေဖေပြောခဲ့ဖူးတယ်နော်
ဖေဖေဟာသမီးတို့အတွက်
အမြဲချစ်ခင်လေးစားရတဲ့
မြင့်မိုရ်တောင်ကြီးပါ
တိုင်းပြည်တာဝန်ကြောင့်
မိသားစုနဲ့ခွဲ
အဝေးကိုရောက်နေချိန်မှာ
လေလှိုင်းထဲကနေ
သမီးတို့အတွက်ပူပင်နေပုံများ
စာဖွဲ့လို့တောင် မမှီနိုင်လောက်ပါဘူး
သမီးတွေနဲ့အတူတူ
သီချင်းတွေဆို
အတူတူကတဲ့ဖေဖေ
ကြည်စယ်အပြုံးတွေနဲ့
မေမေ့ကိုစနေတဲ့ဖေဖေ
သမီးလေ
အဲဒီအချိန်တွေကို
ပြန်လွမ်းလိုက်တာ..ဖေဖေရယ်
အခုအချိန်မှာ
စိတ်အားငယ်ရင်တောင်
ဖေဖေအားကိုးတဲ့
သမီးကြီးဆိုတဲ့ စကား
ပြန်ကြားယောင်ပြီး
ခွန်အားသစ်တွေ မွေးမိပါရဲ့
ဖေဖေနဲ့ဝေးနေရလို့
ဖေဖေ့သမီးလေးတွေ
မျက်နှာငယ်နေမလားဆိုတဲ့
ဖေဖေရဲ့အမေးစကား
ခပ်မိုက်မိုက်ပြောရရင်
သမီးလေ..
ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး
ယှဉ်ချင်သူတွေယှဉ်
ပြိုင်ချင်သူတွေပြိုင်ကြစမ်း
အရှုံးဆိုတာမလိုချင်တဲ့သမီး
တရားသောနည်းနဲ့ အနိုင်ယူမယ်
မေမေနဲ့ညီမလေးအတွက်
သမီးဟာခံတပ်တစ်ခုပါဖေဖေ
ဖေဖေရဲ့သမီး
ဒီကောင်မလေးရဲ့စိတ်ဓါတ်
ဖေဖေလိုပဲမာကျောပါရဲ့
နောက်ဆုံးခွန်အားကတော့
ဖေဖေရဲ့သမီးဆိုတဲ့
ဂုဏ်ပုဒ်လေးတစ်ခုက
သမီးတို့အတွက်
အကာအကွယ်တစ်ခုပါ…….ဖေဖေရယ်
ဖြူ
(ဒီကဗျာလေးကို ဖြူ မြန်မာမိသားစုဖိုရမ်မှာmagazine အတွက်ပို့ထားတယ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment